ဆီးချိုသမားတွေ Skin Care ဘယ်လိုလုပ်မလဲ
အလှအပဟာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။
အသက်ကြီးလို့၊ ရောဂါတွေရှိလို့ ဆိုပြီး အလှအပအတွက် Skin Care မလုပ်ဘဲ နေစရာမလိုပါဘူး။
Skin Care လုပ်တာက အလှအပအတွက်သာမက ကျန်းမာဖို့အတွက်လည်း အရေးကြီးပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေက Skin Care ဘယ်လိုလုပ်သင့်သလဲ ဆိုတာ ပြောပြပေးသွားမယ်နော်။
ဆီးချိုရောဂါရှိရင် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိဖို့၊ အစားအသောက်ဂရုစိုက်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့၊ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ စတာတွေက အရေးအကြီးဆုံးတွေပါ။
အထက်ပါအရာတွေကို ဂရုစိုက်ရသလိုပဲ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားကိုလည်း ပုံမှန်လူတွေထက် ပိုဂရုစိုက်ရပါတယ်။ ဆီးချိုရောဂါရှိရင် အရေပြားဟာ ထိခိုက်ပျက်စီးလွယ်ပေမယ့် ပျောက်ကင်းသက်သာဖို့တော့ ကြာတတ်ပါတယ်။ အရေပြားကို ဂရုစိုက်ခြင်းဟာ ဆီးချိုရောဂါရဲ့ ဆိုးကျိုးတွေဖြစ်တဲ့ အရေပြားပိုးဝင်တာ၊ အနာဖြစ်ပြီး အနာမကျက်တာတွေကို ကာကွယ်ထိန်းချုပ်ခြင်း တစ်မျိုးပါပဲ။
အရေပြားဆရာဝန်တွေ အကြံပြုလေ့ရှိတဲ့ ဆီးချိုသမားတွေအတွက် Skin Care …
ဆီးချိုသမားတွေရဲ့ အရေပြားက ခြောက်သွေ့အက်ကွဲလွယ်ပါတယ်။ ခြောက်သွေ့ပြီး ယားယံလို့ ကုတ်ခြစ်ရင် သွေးထွက်အနာဖြစ်ပြီး အနာမကျက်တာဖြစ်နိုင်တဲ့အတွက် အစိုဓာတ်ဖြည့်ဖို့က အရေးကြီးပါတယ်။ လိုးရှင်းတွေထက် ခရင်မ်နဲ့ အဆီတွေက အစိုဓာတ်ဖြည့်ပြီး အနာကျက်ဖို့ ပိုသင့်တော်ပါတယ်။ ရနံ့မပါတာကို သတိပြုရွေးချယ်ပါ။ ရေချိုးပြီးတိုင်း၊ ရေကူးပြီးတိုင်း မျက်နှာ၊ ခန္ဓာကိုယ်နဲ့ ခြေလက်တွေ အကုန်လုံးကို လိမ်းပါ။
(2) ခြေဖနောင့်ကွဲရင် ကုသပါ
ဆီးချိုသမားတွေဟာ အရေပြားတွေခြောက်သွေ့ပြီး ခြေဖနောင်တွေ ကွဲအက်လွယ်တတ်ပါတယ်။ အထူးသဖြင့် ယခုလို ဆောင်းရာသီမှာ ပိုအဖြစ်များပါတယ်။ ခြေဖနောင့်ကွဲခဲ့ရင် Urea 10%- 20% ပါတဲ့ခရင်မ်ကို အနာကျက်တဲ့ထိ လိမ်းပါ။
(3) Cleanser အပျော့စားပဲ သုံးပါ
ရေချိုးမျက်နှာသစ်တဲ့အခါ ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာကို အနံမပါတဲ့ အပျော့စားတွေသာ ရွေးချယ်သုံးစွဲပါ။ အနံပါတဲ့ ပြင်းတဲ့ဆပ်ပြာနဲ့ Cleanser တွေက အသားအရေကို ထိခိုက်စေပြီး နီရဲယောင်ရမ်းစေပါတယ်။
(4) ရေချိုးရင် ရေပူမသုံးပါနဲ့
ရေပူသုံးတာက အရေပြားရဲ့ အစိုဓာတ်ကို ပျက်စီးစေပြီး ခြေက်သွေ့တင်းကျပ်ကာ ယားယံစေပါတယ်။
(5) ခြေကြားလက်ကြားလေးတွေကို ဂရုစိုက်ပါ
ရေချိုးပြီးတိုင်း ရေကူးပြီးတိုင်း ခြေကြားလက်ကြား၊ ချိုင်းကြားစသည်ကို ခြောက်သွေ့အောင် ညင်သာစွာ ဂရုတစိုက်သုတ်ပေးပါ။ ထိုနေရာတွေ ရေစိုနေရင် ရောဂါပိုးဝင်လွယ်ပါတယ်။ ခြေသည်းလက်သည်းကို တိုတိုညှပ်ထားတာကလည်း ခိုက်မိပြီး အနာဖြစ်ခြင်းကို လျော့ကျစေပါတယ်။
(6) ခြေထောက်ကို နေ့စဥ်စစ်ဆေးပါ
ဆီးချိုသမားတွေဟာ အာရုံကြောတွေ ထိခိုက်ထားပြီး ထုံကျဥ်နေတတ်လို့ ထိခိုက်မိတာကို မသိဘဲ အနာတွေဖြစ်တတ်ပါတယ်။ အနာတွေက အရမ်းဆိုးနေမှ သိရတဲ့အခါ ခြေထောက်ဖြတ်ရတာ၊ ပိုးဆိပ်တက်ပြီး အသက်သေဆုံးတာတွေထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ခြေထောက်မှာ ပိုးဝင်ထားတာရှိလား၊ အနာရှိလား၊ ခြစ်ရာထိခိုက်ရှနာတွေ ရှိလား၊ နီရဲယောင်ရမ်းနေတာတွေ ရှိလား စသဖြင့် နေ့စဥ်စစ်ဆေးတာက ချက်ချင်း အချိန်မီကုသဖို့ အခွင့်အရေး ရစေပါတယ်။ အကယ်၍ ထိခိုက်ရှနာ၊ အနာတစ်ခုခုရှိနေရင် သေးသေးလေးပဲ ဖြစ်နေပါစေ၊ ချက်ချင်းကုသမှု ခံယူပါ။ အနာကို ဆရာဝန်ညွှန်ကြားတဲ့ ပိုးသတ်ဆေးခရင်မ်စသည် နေ့စဥ်လိမ်းပြီးရင် ပတ်တီးစည်းထားပါ။
ဆီးချိုရောဂါရှင်တွေဟာ ဒီလိုအခြေခံကျတဲ့ Skin Care တွေကို လုပ်ခြင်းဖြင့်သက်တောင့်သက်သာခံစားရစေသလို အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်